သမိုင်းကြောင်း

1920 high courtရန်ကုန်မြို့တော်တွင်အလွန်ထူးခြားပြီးအရောင်အသွေးစုံလင်သည့် ဂုဏ်ယူဖွယ်မြို့ပြရှုခင်းရှိသည်။ အထူးသဖြင့်ရွှေတိဂုံစေတီတော်နှင့် ဗုဒ္ဓဘာသာအဆောက်အအုံများ၊ အင်ဂလိကန်နှင့် ရိုမန်ကက်သလစ် ဘုရားကျောင်းများ၊ နှစ်ခြင်းနှင့်မက်သဒစ် ခရစ်ယာန်အသင်းတော်များ ၏ ၀တ်ပြုကျောင်းများ၊ တစ်ဒါဇင်ကျော်ခန့်ရှိသည့် ဆွန်နီ၊ ရှီယား ဂိုဏ်းဝင် အစ္စလာမ်ဘာသာဗလီများ၊ ဟိန္ဒူ၊ပါစီနှင့် ဆစ်ဘာသာဝင်များ ၏ ဝတ်ကျောင်းများစသည်ဖြင့် စုံလင်လှသည့်အပြင် ဂျူးဘာသာဝင်များ ၏ ဆီနီဂေါဘုရားကျောင်းနှင့် အာမေးနီးယန်းဘုရားရှိခိုးကျောင်းများ လည်း ရှိသေးသည်။ ရန်ကုန်မြို့သည်ကမ္ဘာပေါ်၌ ကိုလိုနီခေတ်လက် ရာ အဆောက်အအုံအများအပြား ပကတိအတိုင်းကျန်ရှိသေး သည့်နေရာဖြစ်သည့်ပြင် စိမ်းလန်းသောပန်းခြံများ၊ ရေကန်များနှင့် လည်းပြည့်စုံလျက်ရှိသည်။ မြန်မာနိုင်ငံ၏နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဗဟိုချက်မဖြစ် ခဲ့သော ရန်ကုန်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင်အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ရန်ကုန်မှပင် မြန်မာနိုင်ငံသားတို့သည် ခေတ်မီခဲ့ကြပြီး ကမ္ဘာနှင့် ဆက်သွယ်ဆက်ဆံခဲ့ကြသည်။ ထိုကူးသန်းဆက်သွယ်မှုတို့မှတစ်ဆင့် ရန်ကုန်၏ သမိုင်းသည် နိုင်ငံတကာနှင့်တစ်ဆက်တစ်စပ် တည်း ဖြစ်လာခဲ့သည်။ မဟတ္တမဂန္ဒီမှစ၍ ဂရေဟမ်ဂရင်းအထိ ကမ္ဘာကျော်ဧည့်သည်များ ရန်ကုန်သို့ လာရောက်ခဲ့ကြသကဲ့သို့ အိန္ဒိယနောက်ဆုံးအင်ပါယာ ဗဟာဒူးရှားဇဖားမှအစ ချီလီကဗျာဆရာ စာပေ နိုဘယ်ဆုရှင် ပက်ဘလို နီရူဒါအထိသော သမိုင်းဝင် ပုဂ္ဂိုလ်တို့သည် ရန်ကုန်သို့ ရောက်ခဲ့ကြသည်။ ထိုသို့သော သမိုင်းကာလမျိုးစုံ အလွှာလိုက်အထပ်ထပ်ရှိနေပုံကို ဗိသုကာလက်ရာအမွေများက သက်သေပြနေကြလေသည်။
ယနေ့အခါတွင် ရန်ကုန်မြို့၏ အမွေအနှစ်အဆောက်အအုံများသည် ဆယ်စုနှစ်များစွာ လစ်လျူရှုခံရခြင်း အပြင် မြို့ပြဖွံ့ဖြိုးရေးအရှိန်က ထပ်မံ ဖိအားပေးမှုကြောင့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။ ထိုကြောင့် ရန်ကုန်မြို့၏ လက်ရှိမြို့ပြအနေအထားနှင့် လျင်မြန်စွာ တိုးတက်လာနေ သည့် မြို့ပြဖွံ့ဖြိုးမှုတို့ကို အညမညဖြစ်စေမည့် ပြည့်စုံသောမြို့ပြစီမံကိန်းတစ်ရပ် လက်ငင်းဖော်ဆောင်ရန် လိုအပ်လာသည်။ ရန်ကုန်မြို့၏ မြို့လယ်ရှိ သက်တမ်းနှစ်ပေါင်းရာနှင့်ချီသည့် အဆောက်အအုံများ ဖြိုချဖျက်ဆီးခံရမှုနှုန်းသည် ကြောက်မက်ဖွယ်ရာ မြန်ဆန်လှသည်။ အဆောက်အအုံအသစ်များကို အထိန်းအကွပ်မဲ့ ဆောက်လုပ်ခြင်းက မပျက်မစီးဘဲ တည်ရှိနေသည့် ဗိသုကာလက်ရာ အစုအဝေးကို သာမက ရွှေတိဂုံစတီတော်ကို ဖူးမြင် နိုင်မည့် အထင်ကရမြင်ကွင်းများကိုပင် ပျောက်ဆုံးစေခဲ့သည်။
heritage-38အဆိုပါကိစ္စရပ်များကို အလေးထားဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ကို ဒေါက်တာသန့်မြင့်ဦးနှင့်အတူ ခံယူချက်နှင့် စိတ်သဘောထားတူညီကြသည့် မိတ်ဆွေများ၊ ဗိသုကာပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် သမိုင်းသုတေသီများ ပူးပေါင်း ကာ ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းပြီး ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
ဤသို့ အဖွဲ့တစ်ရပ်ဖွဲ့စည်းထူထောင်နိုင်ရန် မဖွဲ့စည်းမီ သုံးလခန့်ကပင် ဒေါက်တာသန့်မြင့်ဦးက စတင် စိုင်းပြင်းခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးစိုးသိမ်း (ယခုသမ္မတရုံးဝန်ကြီး)တို့နှင့် တွေ့ဆုံခဲ့ရာ တွင် ဒေါက်တာ သန့်မြင့်ဦးက ရန်ကုန်မြို့အား ထိန်းသိမ်းစောင့်ရှောက်ရန်အထူးအရေးကြီးကြောင်း တင်ပြခဲ့ရာမှစတင်သန္ဓေတည်လာခြင်း ဖြစ်သည်။
၂ဝ၁၂ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သော ‘၂၁ ရာစုအတွင်း ရန်ကုန်မြို့တော်အား ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာ ဆွေးနွေးပွဲ’ ကို နိုင်ငံ တကာနှင့် ပြည်တွင်းကျွမ်းကျင်သူများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ ကြရာမှ YHT ကို အဖွဲ့အစည်းတစ်ခုအဖြစ် စတင်လှုပ်ရှားနိုင်ခဲ့သည်။ ယခုအခါတွင် နိုင်ငံတကာမှ မြို့ပြစီမံကိန်းရေးဆွဲရေး ကျွမ်းကျင် သူများ၊ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး ပညာရှင်များ၊ ဗိသုကာများပါဝင်သော အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့တစ်ရပ်ကအဖွဲ့၏ လုပ်ငန်းရပ်များကို အထောက်အကူပေးလျက်ရှိကာ ဒေသခံကျွမ်းကျင်သူများအပြင် အခြားစိတ်ဝင်စားသူ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် လျက် ရှိသည်။
DSC05060၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီလတွင် YHTအဖွဲ့၏တာဝန်ရှိသူများ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံကာ အဖွဲ့ တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးက သမိုင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် မြို့ပြ ဖွံ့ဖြိုးရေးခန့်ခွဲမှုတွင် တွဲဖက်ပေါင်းစပ်ပါဝင်ရမည်ဖြစ်ပြီး အရေး တကြီးဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယင်းသို့ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရန်ကုန်မြို့ ကို ဒေသအတွင်း အလှပဆုံးနှင့် နေချင်စဖွယ်အကောင်းဆုံးမြို့ တစ်မြို့ဖြစ်လာစေမည့် အပြင် ထိုမှရရှိခံစားလာရမည့် စီးပွားရေးအကျိုးအမြတ်များကိုပါ ရှင်းလင်းတင်ပြခဲ့သည်။
နောက်ပိုင်းကာလများ၌ YHT သည် ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင် အဆောက်အအုံများအား ထိန်းသိမ်းခြင်းသာမက ပိုမိုကျယ်ပြန့်သော မြို့ပြစီမံကိန်းလုပ်ငန်းစဉ်ကိုပါ ဆောင်ရွက်နိုင်ရန် တိုးချဲ့ကြိုးပမ်းလာ ခဲ့သည်။ ရန်ကုန်မြို့ပြစီမံကိန်းများအား အမွေအနှစ်ထိန်းသိမ်းမှုနှင့် အကောင်းဆုံးပေါင်းစည်းဆောင်ရွက်နိုင် မည့်နည်းလမ်းများကို ရှာဖွေကာ အာဏာပိုင်အဖွဲ့အစည်းများနှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။

Comments are closed.